ကိုယ် ဘလော့ဂ်မှာ စာလာမရေးဖြစ်တာ တော်တော်ကြာသွားပီ..။ ပစ်ထားတာတော့ မဟုတ်ဘူး.။ ဘာမှန်းမယ်မယ်ရရ ခေါင်းစဉ်တပ်မရတဲ့ ကိစ္စတွေ ကြားမှာ အချိန်တွေ သုံးနေရလို့ ပါ..။ တစ်နေကုန် အလုပ်သွားတယ်.. သတင်းလိုက်တယ်..သတင်းရေးတယ်၊ စာအုပ်နည်းနည်း ဖတ်တယ်..။ ပြန်လာတယ် လှည်းတန်းပြန်ရောက်ရင် အိတ်ကို ပစ်ချ ကုတင်ပေါ် ပစ်လှဲပြီး မျက်လုံးမှိတ်ပြီး တစ်ကမ္ဘာလုံးကို မေ့လိုက်တယ်..။ (ဟီး ပြောရရင်တော့ အပျင်းကြီးတာပေါ့..)။ အပျင်းထူနေလို့ ဘာမှကို ဟုတ်ဟုတ်ငြားငြားမလုပ် ဖြစ်ဘူး. . အားလပ်ချိန်တွေ ရနေရဲ့သားနဲ့..။ ကိုယ့်ဘလော့ဂ်လေးကို လည်း ဘယ်သူမှ အဖက်လုပ်ပြီး လာကြည့်နေမှာမဟုတ်ဘူးဆိုတာ သိထားလို့..ဘာမှ တက်မရေး ဖြစ်တော့တာ လည်း ပါပါတယ်..။ 2009 ခုနှစ် နိုဝင်ဘာ ကစခဲ့တဲ့ ဘလော့ဂ် က အခုဆို တစ်နှစ်ကျော် သွားပြီ..။ ရန်ကုန်က မီဒီယာ တစ်ခုမှာ အလုပ်လုပ်နေဖြစ်တာလည်း တစ်နှစ် ပြည့်သွားပြီ..။ တစ်နှစ်တာ ကာလအတွင်းမှာ ဘ၀ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ ကိုယ်ချစ်ခင်မြတ်နိုးရတဲ့ အဘွား ကို ဆုံးရှုံးလိုက်ရတယ်..။ အဘွားနဲ့ပက်သတ်တဲ့ အကြောင်းအရာတွေကို ကိုယ်သီးသန့် ရေးချင်ပါသေးတယ်..။ အချိန်တွေက တရိပ်ရိပ်နဲ့ အကုန်မြန်နေတယ်..။ အချိန်နဲ့အမျှ အပြောင်းအလဲတွေ များနေတဲ့ ကိုယ့်ပတ်ဝန်းကျင်ထဲမှာ ကိုယ်ကိုယ်တိုင်တောင် မနေ့က ကိုယ်နဲ့ ဒီနေ့ကိုယ် မတူတော့သလိုပဲ..ပြောင်းလဲနေတယ်..။ မနေ့က ကြိုက်ခဲ့တဲ့သီချင်းတစ်ပုဒ်ကို ဒီနေ့ လုံးဝ ခံစားလို့မရတော့ဘူး..။ မနေ့က မက်ဖူးတဲ့ အိပ်မက်ကို ဒီနေ့ မဖြစ်ချင်တော့ဘူး..။ ယုံကြည်ချက်တွေေ၀၀ါးနေတာလား..မခိုင်မာတာလား ဆိုတာလည်း မဆန်းစစ်လိုတော့ဘူး..။ ပစ္စုပ္ပန်တည့်တည့်မှာ အသားကျနေ ရင်းက မျှော်လင့်ချက်တွေလည်း တတ်နိုင်သလောက်လျှော့ချနေတယ်…တကယ်တော့ ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်သလို မဖြစ်ရဘူးမလား..ဒီတိုင်းလေးပဲ စာအုပ်တွေ ဖတ်နေခွင့်..၊ သီချင်းတွေ နားထောင်နေခွင့်..၊ လေးစားစရာကောင်းတဲ့သူတွေကို ချီးကျူးနေခွင့်..၊ ရုပ်ရှင်ကောင်းကောင်းတွေ ကြည့်လို့ရနေသမျှကာလပတ်လုံးက ပျော်စရာ ကောင်းပါတယ်..။ မရေရာတဲ့ အနာဂတ်ထဲမှာ မျှော်လင့်ချက် တနင့်တပိုးနဲ့ အသည်းအသန် ကြီး လုပ်ရတဲ့ ကိစ္စမှန်သမျှကို 2011 ထဲမှာ လက်ရှောင်ထားတယ်..။ ဖြစ်နိုင်ရင် စစ်ကိုင်းချောင်တောင် သွားနေလိုက်ချင်တယ်..အဲဒီလို ဖြစ်နိုင်ဖို့ တွန်းအားကြီးကြီးတစ်ခုကလည်း ကောလာဟလ ကြားနေရသေးတယ်..။ စစ်ကိုင်းဆိုလို့ မန္ဆလေးကို အရမ်းသတိရတယ်..။ မန္တလေးမှာ 4 နှစ်ကျော် နေဖူးတယ်..။ ကျောင်းတက် ရင်း အလုပ်လုပ်ရင်းပေါ့..။ ဆိုင်ကယ်တစ်စီးနဲ့.. ကျုံးကိုပတ်ပြီး သူငယ်ချင်းတွေနဲ့ သီချင်းအော်ဆိုရတာ ကို အခုထိ မေ့လို့မရဘူး..။ နန်းရှေ့ က မုန့်တီဆိုင်က မုန့်တီတစ်ပွဲကို 300 နဲ့ ဘဲဥတွေ ကြက်သားတွေ အများကြီး နဲ့ စားလို့အရမ်းကောင်းတယ်..။ အခုလည်း အဲဒီဆိုင်ရှိသေးတယ် လို့ သူငယ်ချင်း တစ်ယောက် ကပြောတယ်..။ တစ်ပွဲ 300တော့ ဘယ်ရတော့မလဲနော်..။ ဘုရားကြီးထဲမှာ ဘုရားဖူးပြီးရင် အရိပ်ကောင်းတဲ့နေရာမှာ သူငယ်ချင်းတွေနဲ့ စကားတွေ ထိုင်ပြောဖြစ်တာတွေ လည်း သတိရပါတယ်.။ မန္တလေးနဲ့ ရန်ကုန်နဲ့ မတူတာတွေ ရှိသလို ၊ တူတာတွေလည်းရှိတယ်..။ ရန်ကုန်က သွက်တယ်..ပူတယ်.. တစ်ခါတလေ လျှို့လျှို့ဝှက်ဝှက်နိုင်တယ်..၊ မန္တလေး က အေးဆေးတယ်..၊ တည်ငြိမ်တယ်..၊ ရိုင်းပင်းတယ်.. ပွင့်လင်းတယ်..။ အဲဒါက မတူတာတွေ..။ တူတာတွေက မန္တလေးမှာရော ရန်ကုန်မှာပါ ဘောင်းဘီဝတ်တဲ့ မိန်းကလေးတွေများ လာတယ်.အတို ၀တ်တဲ့သူတွေ များလာတယ်..၊ ယဉ်ကြောတွေ ရှုပ်လာတယ်..၊ ယဉ်တိုက်မှုတွေ စိပ်လာတယ်..၊ လူငယ်လူရွယ်ဦးရေတွေ နေ့စဉ်နဲ့အမျှ တိုးတိုးလာတယ်.၊ ညညဆို မြို့ကြီးနှစ်မြို့စလုံး လင်းခါးနီးမှ အိပ်ကြတယ်.။ နောက်အချက်တွေလည်း ရှိသေးတယ်..ကိုယ့်ဟာကိုယ်ပဲ ဖြည့်တွေးကြပေတော့
။ ဆောင်းတွင်း မှာ အေးကျော့ ရူးသွားပြီလား လို့ ထင်ချင်လည်း ထင်ကြပါ..။ စိတ်ထဲရှိသမျှ ကိစ္စတွေကို ရေးချင်လို့ ဘလော့ဂ်ပေါ်ကို တက်လာဖြစ်တာ..ဖတ်တဲ့သူတွေလည်း တောင်ရောက်မြောက်ရောက်ဖြစ်သွားမှာ သေချာတယ်..။ အလုပ်ချင်ဆုံးအလုပ်တွေထဲမှာ တစ်နိုင်ငံလုံးမှာ ရှိရှိသမျှမြို့တွေ ၊ ဘုရားတွေကို သွားလေ့လာချင်တာလည်း ပါတယ်..။ အထူးသဖြင့် ပုဂံ ၊ မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်တဲ့..။ အခု အရွယ်အထိ ပုဂံ တစ်ခေါက်မှ မရောက်ဖြစ်သေးဘူး..။ ဒီနှစ်နွေတော့ သွားလည်မယ် စိတ်ကူးထားတယ်..။ ပြီးတော့ ဂုတ်ထိပ်တံတားကြီးရှိတဲ့ နောင်ချိုကိုလည်း သွားလည်ချင်တယ်..နောင်ချိုမှာ ချစ်ခင်လေးစားရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်ဆိုတော့ သူ့အိမ်မှာ ငတ်ကြီးကျလို့လည်း ရတယ်လေ..။ နောင်ချိုက လိမ္မော်ခြံတွေထဲသွားပြီး ကြည့်ချင်တယ်..လိမ္မော်သီးကို အပင်ကနေ လတ်လတ်ဆတ်ဆတ်ခူးစားချင်တယ်..။ ပြီးရင်တောင်ကြီးက အဒေါ်ဆီသွားမယ်..။ တောင်ကြီးဈေးကြီးထဲက ရှမ်းခေါက်ဆွဲဆိုင်တွေက အရမ်းစားလို့ကောင်းတာ..။ အင်းထဲသွားပြီး ရေတွေခမ်းစပြုနေပြီ..ညစ်ပတ်နေပြီလို့ ပြောပြောနေတာတွေကို လက်တွေ့ သွား ကြည့်ဦးမယ်..မရောက်တာ နှစ်နှစ်ရှိသွားပြီ..။ စိတ်ကူးထဲမှာ သွားချင်တဲ့နေရာတွေကို တကယ်သာသွားရမယ်ဆို တစ်နှစ်စာတောင် မလောက်လောက်ဘူး..။ လောလောဆယ်တော့ ဗိုက်ဆာနေတယ်..။ ကန်စွန်းရွက်ကြော်ထားတယ်..ငါးပိရည်တို့စရာနဲ့ စားမယ်..ပြီးရင် အလုပ်လုပ်ရဦးမယ်.. အလုပ်မလုပ်ပဲနဲ့ အသက်ရှူတိုင်း ပိုက်ဆံရနေတဲ့ လူသားတစ်ယောက် သာ ဖြစ်ခွင့်ရရင်ဘယ်လောက်ကောင်းမလဲ..ဟဟ..။ လှည်းတန်းမှာတော့ ငါးကင်ဆိုင်တွေ များများလာတယ်..ညနေ လေးနာရီလောက်နေပြီး ည ဆယ့်တစ်နာရီကျော်ကျော်အထိ လှည်းတန်း လမ်းပေါ်မှာ လူတွေ စည်နေတယ်..၊ သီချင်းသံအစုံ ၊ ကာလာစုံ လူတွေကြားထဲမှာပဲ..ထမင်းဖိုးလေးပေးပါ..ဆိုတဲ့ အသံတွေကိုလည်း ကြားရမယ်..၊ စိန်ဂေဟာ ရှေ့ က ပလက်ဖောင်းပေါ်မှာ စာကလေးစာ ရောင်းတဲ့ အသက် လေးနှစ်လောက် ကျောင်းစိမ်ဂါဝန် နဲ့ ကလေးမက အိပ်ငိုက်နေတယ်..။ တရုတ်မ ပလတ်စတစ်ပစ္စည်းဆိုင်ရှေ့က အသက် ခုနှစ်ဆယ့်ငါးနှစ်လောက် အဘွားကြီးက ပုတီးစိပ်ရင်း ပန်းသီးရောင်းနေတယ်..။ တစ်ကမ္ဘာလုံး ဘယ်သူတွေ အလုပ်ရှုပ်ရှုပ် သူကတော့ အေးဆေးပဲ ဆိုတဲ့ လှည်းတန်းဈေးရှေ့က စိတ်ပေါ့သွပ်နေတဲ့ အသက်ငါးဆယ်လောက် လူကြီးကတော့ အလကားရထားပုံပေါ်တဲ့ ခြင်္သေ့တံဆိပ်နဲ့ ဦးထုပ်တစ်လုံးကို ဆောင်းထားပြီး ဖြတ်သွားဖြတ်လာတွေကို ပြောင်ပြ နေတယ်..။ လှည်းတန်းထဲမှာပဲ နေချင်လို့ ဆိုပြီး ပြောင်းလာတဲ့ အေးကျော့ သူငယ်ချင်းတစ်ယောက်ကတော့ မျက်စိရှုပ်ပါတယ်ဆိုပြီး တစ်လမပြည့်ခင်ပြန်ပြောင်းသွားတယ်.. ။ ရန်ကုန်ရဲ့ ဒုတိယမြို့ထဲ (second downtown) ဖြစ်တာကိုး..ဒီလောက်တော့ရှိမှာပေါ့နော်..။ အသေချာဆုံးက လှည်းတန်းရော ရန်ကုန်ရောက အခုထက်ထိ နယ်က လူငယ်လူရွယ်တွေ အားလုံးအတွက် ရေကြည်ရာ မြက်နုရာ ဖြစ်နေသေးတာပဲ…။
January 20, 2011
စိတ်ထဲ ရှိတာ
Advertisement
1 Comment »
RSS feed for comments on this post. TrackBack URI
စာတွေလာဖတ်သွားတယ်ခင်ဗျ
စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေ၊၊
ခင်တဲ့ ဝါတိုးသား၊၊
Comment by ဝါတိုးသား — March 30, 2011 @ 8:25 am |