စက်တင်ဘာလ တစ်ဆယ့်ရှစ်ရက်နေ့ပေါ့..။ မိုးတွေ တခြိမ်းခြိမ်းရွာနေတယ်..။ ပြတင်းပေါက် ကနေ အပြင်ဘက်ကို ကြည့်လိုက်တော့ မိုးစက်တွေက ပြတင်းတံခါးမှာ..ကပ်ငြိပြီး မှုန်ဝါးဝါးဖြစ်နေလို့ အ၀တ်စတစ်ခု နဲ့ ထသုတ်လိုက်တယ်.။ တစ်ချက် တစ်ချက် ထွက်ထွက်လာတဲ့ မိုးချုန်းသံတွေက ကြောက်ခမန်းလိလိပဲ..။ ဒီအချိန် ဘန်ကောက် မြို့ရဲ့ အမြင့်ဆုံး အဆောက်အဦ ဘိုင်းရုက် (Bai Yoke) ပေါ်မှာ ကာပူချီနိုတစ်ခွက် ၊ ဆင်းဒ၀စ်ခ်ျ တစ်ပွဲ.. နဲ့ ဇိမ်ကျနေနိုင်သူတွေ ရှိသလို….ဘန်ကောက်ရဲ့ တစ်ချို့ သော ပလက်ဖောင်း တွေပေါ်မှာ ကွေ့တီယို တစ်ပွဲ စားဖို့အတွက် တောင်းရမ်းနေတဲ့သူတွေ လည်း ရှိ မှာပါပဲ..။ ဘန်ကောက်မှာ လူတော်တော်များများ လှုပ်ရှားနေကြတယ်..။ မိုးရွာနေပေမယ့် ကားလမ်းတွေကတော့ ပိတ်ကျပ် နေတာပဲ..။ ကားကျပ်တဲ့ ကိစ္စက ဒီမှာ ပြဿနာတစ်ခုပဲ..။ ဒါတောင် မိုးပျံရထား (Sky Train / BTS) တွေ ဘန်ကောက်မှာ အွန်နတ်ဘူတာကနေ မိုချစ်..အထိရောက်တာ..။ မြို့အနှံရောက် တဲ့ သဘောပေါ့..။ ကိုယ်ပိုင်ကားတွေ များတာရယ်..၊ လမ်း အကျယ်ကျဉ်းတာရယ်ကြောင့် ကားတွေ ခဏခဏ လမ်းပိတ်တာ (Traffic Jam) လို့ ဘန်ကောက်မြို့တော်သား တစ်ယောက်လို ဖြစ်နေတဲ့ မြန်မာ တစ်ယောက်က ရှင်းပြဘူးတယ်..။ သူပြောတာ မှန်နိုင်ပါတယ်..။ ကိုယ်ပိုင်ကားတွေ မောင်းနေတဲ့သူတော်တော်များများ လူလတ်ပိုင်းတွေ များတယ်..။ တစ်ချို့လူငယ်တွေကတော့ အသက် ဆယ့်ရှစ်နှစ် ပြည့်ရောပြည့်ရဲ့လားလို့ တွေးမိတယ်…။ ဘန်ကောက်မှာ လက်ဖက်ရည်ဆိုင်လည်း မရှိဘူး..လို့ စာထိုင်ရေးနေတဲ့ စားပွဲနားကို လာကြည့်ပြီး ကိုယ့်သူငယ်ချင်း သတင်းထောက် တစ်ယောက်က ငြီးလိုက်တယ်..။ တစ်နေ့ ကို ကျဆိမ့် အခွက် နှစ်ဆယ်နီးပါး တစွတ်စွတ်သောက်တတ် တာမို့လို့ လက်ဖက်ရည်ဆိုင်မရှိတဲ့ ဘန်ကောက်ကို သူက ဘ၀င်ကျပုံ မရပါဘူး..။ ဘန်ကောက်က သူတွေက လက်ဖက်ရည်ဆိုင်မှာ အလာပ သလာပ ပြောပြီး အချိန်ဖြုန်းဖို့ ထက် ညဘက်ရောက်မှ ပက်ပုံး မှာ တစ်နေကုန် ပင်ပန်းတာတွေကို ဘီယာလေး သောက် ၊ ရှိုးပွဲလေးကြည့်ပြီး အပန်းဖြေတတ်ကြတာနေမှာလို့ အခြားသူငယ်ချင်း တစ်ယောက်က သူ့ကို ၀င်နောက်တယ်..။
ပက်ပုံးမှာ ညနေ ခြောက်နာရီလောက်ဆို လူတွေ စည်စည်ကားကားဖြစ်ပြီ..။ ခြောက်နာရီကနေ မိုးလင်းခါနီးအထိပဲလို့…တစ်ဆင့်စကားတွေကနေ ကြားရတာပဲ..။ နာမည်တော့ တော်တော်ကြီးတယ်..။ ကိုယ်တော့ နေ့ခင်းဘက်ပဲ ရောက်ဖူးတယ်..။ ညဘက် သွား မကြည့်ဘူးသေးဘူး..။ နေ့ခင်းဘက်ရောက်တာမို့လားမသိဘူး..စည်တယ်ဆိုတဲ့.. လမ်းကြား တွေက ဆိုင်တွေ အကုန်ပိတ် ထားတာ နဲ့ပဲ ကြုံတယ်..။ အခုပဲ တစ်ယောက်က ထင်မြင်ချက် ၀င် ပေးနေတယ်..။ ပက်ပုံးမှာက နိုင်ငံခြားသားတွေ တဲ့..။ ထိုင်းတွေက ငွေရှာတာ.။ ဆိုတော့ ထိုင်းတွေ က ဒီလိုဆို အပန်းဖြေဖို့ထက် ငွေရှာဖို့ကိုပဲ ပိုအားသန်တဲ့ သဘောပေါ့..။ အခု ကိုယ် ဒီပို့စ်ကို တင်နေတဲ့ အချိန်က ည ဆယ်နှစ်နာရီထိုးတော့မယ်.။ စက်တင်ဘာ ဆယ့်ကိုးရက်နေ့ ပေါ့..။ မျက်လုံးတွေက အိပ်ချင်နေပေမယ့် ..စာရေးချင်သေးတယ်..။ ရှားပါးဖိုင်လ်တွေ ကို ဒေါင်းလုပ်ဒ်လည်း ဆွဲချင်သေးတယ်…။ မြန်နှုန်းမြင့်လွန်းတဲ့ အင်တာနက်လှိုင်းတွေကို အားကျ လိုက်တာ..။ အပြင်မှာ လူတွေ လှုပ်ရှာနေတုန်း..။ ဘယ်အချိန်တွေများ အိပ်ကြပါလိမ့်..။
မနက်က မဟာချိုင်ကို ရောက်တယ်..။ မဟာချိုင် ဆမုဆက်ခွန်( ရွာ ) ကို ဘန်ကောက်ကနေ ကား တစ်နာရီလောက် စီးရင်ရောက်တယ်..။ ရွာလို့သာဆိုတာပါ..မြို့ သာသာပါပဲ..။ အင်တာနက် အမြန်နှုန်းလည်း ဘန်ကောက်နဲ့ ဘာမှ မထူးဘူး..။ အတူတူပဲ..။ ရန်ကုန် မှာ ရှိနေတဲ့ ကိုယ့်သူငယ်ချင်းတွေ အိပ်နေကြပြီလား..။ နယ်က အဘွားရော နေကောင်းရဲ့လား..။ ဘယ်လောက်ပဲ ပြည့်စုံကောင်းမွန်တဲ့ ဇိမ်ခံပစ္စည်းတွေရှိရှိ..လူဆိုတာ ကိုယ့်အသိုက် ကိုယ် ပျော် ကြ သူတွေ ချည်းပါပဲ..။ လှည်းတန်းက ကိုယ့်အဆောင်က အခန်းကျဉ်းလေးထဲမှာ အခုလောက် ဆို ဖုန်တွေ ထုတက်နေလောက်ပြီ..။ စာအုပ်တွေလည်း ပိုးဟပ်တွေများ ကိုက်ဝါးပစ်ကုန်ပြီလား.။
တစ်လလေး လာ တာတောင် ဒီလောက် ဖြစ်နေတာ …ဒီမှာ နှစ်နဲ့ ချီ နေပြီး အလုပ်လုပ်နေ သူတွေ ဆိုရင်ရော ဘယ်လိုနေမလဲ..။ မနက်ကတော့ ပုဇွန်တွေ ခွာနေတဲ့ အန်တီကြီး တစ်ယောက် က..“ သမီးရယ်..ပြန်ချင်တာပေါ့..ပြန်ရင် စရိတ်က ကြီးတယ်လေ..ပြန်မယ့် ပိုက်ဆံ ကို ..ဟိုမှာကျန်ခဲ့တဲ့..သားသမီးတွေအတွက် ပို့ပေးလိုက်ရင်…သူတို့အတွက် အများကြီးအသက် ရှူချောင်တယ်လေ..၊ အဲလိုတွက်တွက်ပြီးနေနေလိုက်တာ..အခုဆို မပြန်ဖြစ်တာ ခြောက်နှစ် တောင် ကျော်ပြီ..” တဲ့..။ သူ က အဲဒီလို ပြောနေတာ ပေါ့ပေါ့ပါးပါးပဲ…။ အန်တီကြီး အိမ်ပြန်ချင်တဲ့အချိန်တွေအတွက် ၀မ်းနည်းမှုတွေ ရှိမှာပဲနော် ..လို့ ကိုယ်အတွေးထဲက မေးခွန်းဆက်ထုတ်နေမိတယ်..။ ရေကြည်ရာ မြက်နုရာ ဆိုပေမယ့်…မြက်နုနုအတွက် ရင်းရတာက ခါးလွန်းပါတယ်လေ..။ မဟာချိုင်မှာ နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း..(International Labor Organization /ILO) ရဲ့ ပံပိုးမှု နဲ့..Labor Rights Promotion Network /LPN ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို တွေ့ခဲ့တယ်..။ ဦးဆောင်နေတဲ့သူက အသက်လေးဆယ်ကျော်ကျော်လောက်ပဲ ရှိဦးမယ်..။ မွန်ထိုင်း မျိုးနွယ်ပါ..။ ထိုင်းစကားကို မိခင် စကားလို ပြောနေသူမို့ မြန်မာ စကား အနည်းအကျဉ်းကလွဲလို့ ကောင်းကောင်း မပြောတတ် ပါဘူး။
ပက်ပုန်းကနိုင်ငံခြားသားတွေဘဲ ထိုင်းတွေကငွေရှာတာ
Comment by ထား — September 19, 2010 @ 4:37 pm |